စိမ်းစားဥမှာ ရေဓာတ်အပြင် ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေသေးတာလဲ
စိမ်းစားဥဆိုတာက ထွေထွေထူးထူး ပြောစရာမလိုအောင် လူတိုင်းလိုလို သွင်ပြင်ကိုရော အရသာကိုပါ သိပြီးဖြစ်မှာပါ။ ဒီစိမ်းစားဥက စားလိုက်တိုင်း အရည်ရွှမ်းလွန်းတာကြောင့် စားလိုက်ရင် ရေငတ်ပြေသွားတာတော့ အမှန်ပဲနော်။ ဒါဆို စိမ်းစားဥက ရေဓာတ်ကြွယ်ဝတယ် ဆိုတာကိုတော့ ကြားဖူးပြီးသားဖြစ်မှာပါ။ ဒီတစ်ခေါက် ကလည်း သိပြီးသားဖြစ်တဲ့ စိမ်းစားဥမှာပါတဲ့ ရေဓာတ်မဟုတ်တဲ့ အခြားဓာတ်တွေအကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။
စိမ်းစားဥ ဆိုရာဝယ်
စိမ်းစားဥဆိုတာက ရိုးတံ စိမ်းစိမ်း အရွက် စိမ်းစိမ်းလေးတွေရှိတဲ့ အပင်ရဲ့ လုံးဝန်းဝန်းပုံစံ ရှိတဲ့ အမြစ်တစ်ခုပေါ့။ အခွံက မြေကြီးထဲမှာ ပေါက်တာကြောင့် ညိုတိုတို အရောင်ရှိပြီး အတွင်းသားကတော့ ဖြူနှစ်နှစ် အရောင်ပါ။ စိမ်းစားဥက အမြစ်ဖြစ်ပြီး ဒီအပင်က အမြစ်က ဆေးဖက်ဝင်ပေမယ့် အရွက်တွေကတော့ အဆိပ်အတောက် ရှိပါတယ်။
မက္ကဆီကို မျိုးရင်းပင်ဖြစ်ပြီး ဖိလစ်ပိုင်နဲ့ အရှေ့တောင်အာရှဒေသတွေမှာ ပေါက်ရောက်ပါတယ်။ အသားက မွမွလေးနဲ့ အရည်ရွှမ်းပြီး ချိုပါတယ်။ အရသာက အာလူး၊ သစ်တော်သီးတို့နဲ့ ခပ်ဆင်ဆင်တူပါတယ်။
စိမ်းစားဥမှာ ဒါတွေ ပါပါတယ်
မွမွလေးနဲ့ စားလို့ကောင်းတဲ့ စိမ်းစားဥမှာ ကယ်လ်လိုရီ၊ ကစီဓာတ်၊ ပရိုတင်း၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင် စီ၊ ဖောလိတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနိ့တို့ ပါဝင်နေပါတယ်။ ရေဓာတ်ကတော့ ပြောစရာမလိုအောင် ပါဝင်ပြီးသားပါ။
စိမ်းစားဥ နဲ့ ကျန်းမာရေး
စားလို့ကောင်းတဲ့ စိမ်းစားဥကိုစားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။
- အင်ဒီအောက်ဆီးဒင့် ကြွယ်ဝတယ်
စိမ်းစားဥမှာ အင်ဒီဆောက်ဆီးဒင့် များစွာ ပါဝင်နေတာကြောင့် ဆဲလ်တွေ ပျက်စီးမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ စိမ်းစားဥမှာ ဗီတာမင် အီး၊ ဆီလီနီယမ် နဲ့ ဘီတာကယ်လ်ရိုတင်း အပြင် ဗီတာမင် စီလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အင်ဒီအောက်ဆီးဒင့် ကြွယ်ဝစွာ ပါဝင်နေတာက နာတာရှည် ကျန်းမာရေးပြဿနာ ဖြစ်တဲ့ ကင်ဆာ၊ ဆီးချို၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ သိမြင်မှုစွမ်းရည်ဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးပါတယ်။
- နှလုံးကျန်းမာစေတယ်
စိမ်းစားဥမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ပါဝင်နေတာကြောင့် သွေးထဲကအဆီတွေကို ကျဆင်းစေပြီး သွေးကြောတွေထဲက အဆီတွေကို ဖယ်ရှားပေးသလို အသည်းအဆီဖုံးတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ စိမ်းစားဥမှာ ပိုတက်ဆီယမ် ပါဝင်နေတာကလည်း သွေးကြောတွေကို ပြေလျော့စေပြီး သွေးတိုးမှု ကင်းစေသလို နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
- အစာကြေစေတယ်
အမျှင်ဓာတ် ကြွယ်ဝမှုက အစာခြေစနစ်ရဲ့ လှုပ်ရှားမှု ကောင်းစေပြီး ဝမ်းပျော့ပျော့ သွားစေဖို့ ထောက်ကူပေးပါတယ်။ စိမ်းစားဥက ဝမ်းချုပ်တာမျိုး မဖြစ်အောင် ထိထိရောက်ရောက် ကာကွယ်ပေးမှာပါ။ စိမ်းစားဥရဲ့ ရေဓာတ်ပြည့်ဝမှု ကလည်း ဝမ်းမှန်စေဖို့ အားဖြည့်ပေးပါသေးတယ်။
- ကင်ဆာဖြစ်နိုင်ခြေ လျှော့ချပေးတယ်
စိမ်းစားဥမှာ အင်ဒီအောက်ဆီးဒင့်တွေ ဖြစ်ကြတဲ့ ဗီတာမင် အီး၊ ဆီလီနီယမ် နဲ့ ဘီတာကယ်လ်ရိုတင်း အပြင် ဗီတာမင် စီတို့ ပါဝင်နေသလို အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကလည်း အူမကြီးကင်ဆာ အပါအဝင် ကင်ဆာအမျိုးအစား အချို့ကို ကာကွယ်ပေးနိုင်ပါတယ်။
- ဝိတ်ကျစေတယ်
အာဟာရဓာတ်တွေ ကြွယ်ဝသလို အမျှင်ဓာတ် နဲ့ ရေဓာတ် ကြွယ်ဝစွာ ပါဝင်နေတဲ့ စိမ်းစားဥက အဆာခံနိုင်စေပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
မွန်မွန်